သွေးဆုံးကိုင်လက္ခဏာတွေ သက်သာစေတဲ့ ဟော်မုန်းအစားထိုးကုသခြင်း
သွေးဆုံးကိုင်ရောဂါလက္ခဏာဆိုတာ တစ်ချိန်မှာ အမျိုးသမီးတိုင်း အနည်းနဲ့အများ ခံစားရမယ့် လက္ခဏာတွေပါ။
- ခန္ဓာကိုယ် ပူစပ်ပူလောင်ဖြစ်နေတာ
- ညဘက်ချွေးထွက်တာ
- စိတ်အပြောင်းအလဲ၊ အတက်အကျ မြန်တာ
- မိန်းမကိုယ် ခြောက်သွေ့တာ
- လိင်စိတ်ဆန္ဒ မရှိတာ စတဲ့လက္ခဏာတွေဟာ အဖြစ်အများဆုံး သွေးဆုံးကိုင် လက္ခဏာတွေပါ။
ဒီလက္ခဏာအများစုဟာ နှစ်အနည်းငယ်ကြာတဲ့အခါ သူ့အလိုလို သက်သာသွားနိုင်ပေမယ့် ခံစားရခက်တာ၊ နားလည်မပေးတဲ့ မိသားစုကြောင့် စိတ်ဓာတ်ကျတာမျိုး ဆိုရင် Hormone Replacement Therapy (HRT) လို့ခေါ်တဲ့ ဟော်မုန်းအစားထိုးကုသမှု ခံယူခြင်းဖြင့် သက်သာအောင် လုပ်လို့ရပါတယ်။ ဟော်မုန်းအစားထိုးကုသတာက အရိုးပွရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဘယ်လိုလူတွေက ဟော်မုန်းအစားထိုးကုသမှု မခံယူသင့်ဘူးလဲ?
- ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သားဥပြွန်ကင်ဆာ ဖြစ်ဖူးသူတွေ
- သွေးခဲတဲ့ ပြဿနာရှိဖူးသူတွေ
- အသည်းရောဂါရှိသူတွေ
- ကိုယ်ဝန်ရှိနေသူတွေ (အသက် ၅၁ နှစ်အောက်ဆိုရင် HRT ယူနေစဥ် နှစ်နှစ်ခန့်အထိ သန္ဓေတားဆေးကို ဆက်သောက်သင့်ပါတယ်)
- သွေးတိုးရောဂါရှိပြီး သွေးပေါင်ချိန်ပုံမှန်ဖြစ်အောင် မထိန်းနိုင်သူတွေမှာ HRT မယူသင့်ပါဘူး။
ဒါကြောင့် HRT မယူခင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။
သားအိမ်ရှိသေးတဲ့သူတွေမှာ Oestrogen နဲ့ Progesterone ဟော်မုန်းနှစ်မျိုးပေါင်း ပေးလေ့ရှိပြီး သားအိမ်ထုတ်ထားတဲ့သူတွေကိုတော့ Oestrogen တစ်မျိုးတည်း ပေးလေ့ရှိပါတယ်။
HRT ဟာ ဆေးပြားပုံစံ၊ အရေပြားမှာ ကပ်ရတဲ့ပုံစံ၊ မိန်းမကိုယ်ထဲထည့်ရတဲ့ ခရင်မ်နဲ့ ဂျယ်လ်ပုံစံ၊ ကွင်းပုံစံ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ပေးလို့ရတာမို့ ဘယ်လိုပုံစံက မိမိနဲ့ အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ ဆရာဝန်နဲ့ သေချာဆွေးနွေးပြီးမှ ရွေးချယ်ရပါမယ်။
ဘယ်အချိန်မှာ ရပ်မလဲ?
ပုံမှန်အားဖြင့် နှစ်အနည်းငယ်ကြာတဲ့အခါ သွေးဆုံးကိုင်လက္ခဏာတွေ မခံစားရတော့ရင် ရပ်လို့ရပါတယ်။
HRT ကို တစ်နှစ်ထက်ပိုပြီး ယူနေတဲ့သူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ် (ဆေးဖြတ်ပြီးရင်တော့ ဖြစ်နိုင်ခြေ နည်းသွားပါလိမ့်မယ်)။
HRT ယူနေစဥ် ဘေးထွက်ဆိုးကျိုး ရှိနိုင်လား?
ရှိနိုင်ပါတယ်။
- ရင်သားတင်းတာ
- ခေါင်းကိုက်တာ
- အစာမကြေတာ
- နေမထိထိုင်မသာဖြစ်တာ
- ဗိုက်အောင့်တာ
- မိန်းမကိုယ်က သွေးဆင်းတာတွေက HRT ရဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။
HRT ယူတဲ့သူတွေမှာရော မယူတဲ့သူတွေမှာပါ ကော်ဖီ၊ အရက်နဲ့ အပူအစပ်တွေ ရှောင်တာ၊ ဆေးလိပ်ဖြတ်တာ၊ ကျန်းမာစေတဲ့ အစားအသောက်တွေ စားတာ၊ ကိုယ်လက်လှုပ်ရှား မှန်မှန်လုပ်တာတွေက သွေးဆုံးကိုင်လက္ခဏာတွေကို သက်သာစေပါလိမ့်မယ်။
HRT ဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ ဆိုးကျိုးရှိသလို ကောင်းကျိုးတွေလည်း အများကြီး ရှိပါတယ်။ ကောင်းကျိုးနဲ့ ဆိုးပြစ်ကို ချိန်ဆကာ တတ်ကျွမ်းတဲ့သူနဲ့ သေချာတိုင်ပင်ပြီးမှသာ ဟော်မုန်းအစားထိုးကုသမှုကို ခံယူဖို့ အကြံပေးပါရစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်